မြန်မာနိုင်ငံဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒ
နှင့်
ဝိသေသလက္ခဏာများ (မူကြမ်း)
နောက်ခံသမိုင်း
တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (Ethnic Nationalities Affairs Center – ENAC) သည် ဖက်ဒရယ်စနစ်ဖော်ဆောင်ရေး အထောက်အကူပြုလုပ်ငန်း များကို အောက်တိုဘာလ ၂၀၁၄ ခုနှစ်မှ စတင်ပြီး လုပ်ဆောင်လာခဲ့သည်။ ပြည်တွင်းမှ ကျွမ်းကျင်သူများနှင့် နိုင်ငံတကာမှ ပညာရှင်များအား ဖိတ်ခေါ်ကာ လက်နက်ကိုင တော်လှန်ရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသားနိုင်ငံရေး ပါတီများ၊ လူထု အခြေပြု အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံစေလျက် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံဆိုင်ရာ စာတမ်းများနှင့် အကြံပြုချက်များကို ရေးသားပြုစု ခဲ့သည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် ဖက်ဒရယ်စနစ်များအားနှိုင်းယှဉ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ ကို ရန်ကုန်မြို့တွင် တစ်ကြိမ် ကျင်းပနိုင်ခဲ့သည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲများတွင် အမေရိကန်ပြည်ထောင်စု၊ ဂျာမဏီ၊ ဘယ်လ်ဂျီယန်နှင့် ဆွစ်ဇလန် စသည့်နိုင်ငံများမှ ဖွဲ့စည်းပုံများကို နှိုင်းယှဉ်လေ့လာခဲ့သည်။ ၂၀၁၅ ခုနှစ်၊ မတ်လ အတွင်းတွင် မြန်မာနိုင်ငံ စစ်အစိုးရမှ ရေးဆွဲခဲ့သော ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးသပ်ခြင်းနှင့် တိုင်းရင်းသားလူမျိုးများအတွက် အကောင်းဆုံးသော ဖက်ဒရယ် ဖွဲ့စည်းပုံပေါ်ပေါက်လာရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်တစ်ကြိမ်၊ ချင်းမိုင်မြို့တွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ၊ ပြည်တွင်းမှ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်း များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တစ်ကြိမ်ကျင်းပခဲ့သည်။ ၂၀၁၆ ခုနှစ်၊ မတ်လ ၂၁ မှ ၂၆ ရက်အထိ မြန်မာနိုင်ငံဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒ နှင့် လက္ခဏာများရေးဆွဲခြင်း ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို နိုင်ငံတကာ ပညာရှင်များ၊ ပြည်တွင်းမှ ကျွမ်းကျင်သူများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်များနှင့် ကျင်းပနိုင်ခဲ့ပြီး ရရှိလာသော မြန်မာနိုင်ငံ ဖက်ဒရယ် စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒနှင့် ဝိသေသလက္ခဏာများ (မူကြမ်း)ကို ရေးသား ပြုစုနိုင် ခဲ့သည်။
ထို့နောက် ၎င်းမူကြမ်းကို တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (United Nationalities Alliance) နှင့် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၃၀ မှ ဇူလိုင်လ ၂ ရက် ထိ ရန်ကုန်မြို့တွင် နှီးနှောတိုင်ပင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်၍ ပြင်ဆင် ဖြည့်စွက်ခဲ့သည်။ ၎င်းပြင်ဆင် ဖြည့်စွက်ထားသော မူကြမ်းမှာညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ (United Nationalities Federal Council – UNFC) ၏ သုတေသန ဌာနမှလည်းထပ်မံစိစစ်မွမ်းမံထားသော (မူကြမ်း)လည်းဖြစ်ပါသည်။ ဤမူကြမ်းကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ မှ ၃၀ ရက်နေ့အထိ (၅) ရက်တိုင် ကျင်းပခဲ့သော မိုင်ဂျာယာန် ညီလာခံ (Mai Ja Yang Summit) ခေါ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး(EAO’s Plenary Meeting) တွင် တင်သွင်းဖတ်ကြားခဲ့သည်။
ဤစာတမ်းကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ နေပြည်တော်တွင်ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ – ပထမအကြိမ် အစည်းအဝေးတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင်အခြေခံသင့်သောမူများအဖြစ် တင်သွင်း ဖတ်ကြားခဲ့ သည်။ ၂၀၁၈ ခုနှစ်၊ မတ်လ ၂-၃ ရက်တွင် ချင်းမိုင်မြို့၌ တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ(ENAC) မှ ဦးစီးပြီး ENAC အကြံပေးများနှင့် ပြည်တွင်းပြည်ပရှိကျွမ်းကျင်ပညာရှင်များဖြင့် ပြန်လည် စိစစ်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် မတ်လ ၁၆-၁၇ နေ့၊ ရန်ကုန်မြို့၌ ENAC မှကြီးမှူးပြီး အကြံပေးပုဂ္ဂိုလ်များနှင့် ကျွမ်းကျင် ပညာရှင်များအား တွေ့ဆုံကာ မူဝါဒများကို ပြန်လည်စိစစ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။
ယခုရရှိလာသော မူကြမ်းသည် ENAC မှ အချိန် (၄)နှစ်ကျော်ကြာ အစုအဖွဲ့ အသီးသီး၊ နယ်ပယ် အသီးသီးမှ ပညာရှင်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၍ ရရှိလာသော မူကြမ်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခုထုတ်ဝေမည့် မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒနှင့် ဝိသေသလက္ခဏာများ (မူကြမ်း) စာအုပ်သည် နောင်လာမည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင်တစ်ထောင့် တစ်ကဏ္ဍအဖြစ် အထောက်အကူပြုနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။