
စာတမ်းအနှစ်ချုပ်
ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်အစိုးရများအကြား လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေကျင့်သုံးခြင်းကို အခြေခံထားသည်။ ထိုသို့အာဏာခွဲဝေကျင့်သုံးရာတွင် အစဥ်အလာအရ ခွဲဝေကျင့်သုံးလာသည့် လုပ်ပိုင်ခွင့်အာဏာများရှိသကဲ့သို့ သမားရိုးကျမဟုတ်ဘဲ ပြောင်းလဲလာသော ခေတ်ကာလအနေအထားနှင့် နိုင်ငံအလိုက်လိုအပ်ချက်များနှင့်အညီ အာဏာခွဲဝေကျင့်သုံးမှုပုံစံများမှာလည်း ပြောင်းလဲမှုများရှိနေသည်။ ဆိုလိုသည်မှာ ဖက်ဒရယ်စနစ်သည် ဆင့်ကဲပြောင်းလဲတတ်သည့် သဘောသဘာဝများ ရှိနေသည်။ ၎င်းကို ဖက်ဒရယ်နိုင်ငံအချို့၏ နိုင်ငံခြားရေးရာ ဖက်ဒရယ်စနစ်ကို လေ့လာသည့်အခါ အထင်အရှားတွေ့ရနိုင်ပါသည်။ ဤစာတမ်းတွင် နိုင်ငံခြားရေးရာဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအကြား ခွဲဝေကျင့်သုံးသည့် နိုင်ငံခြားရေးရာဖက်ဒရယ်စနစ်ကိုလည်းကောင်း၊ နိုင်ငံခြားရေးရာတစ်ခု ဖြစ်သည့် နိုင်ငံတကာကုန်သွယ်မှုတွင် ပြည်နယ်များ၏ အခန်းကဏ္ဍများကိုလည်းကောင်း လေ့လာတင်ပြထားသည်။ ထို့အပြင် ဖက်ဒရယ်နိုင်ငံတစ်ခုမဟုတ်သော်လည်း အနာဂတ်တွင် ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စုစနစ်ထူထောင်မည့် မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်လက်ထက် နိုင်ငံခြားရေးရာ မူဝါဒနှင့် နိုင်ငံခြား ရေးရာ များတွင် ပြည်နယ်များ၏ အခန်းကဏ္ဍများ မည့်မျှရှိခဲ့သည်နှင့် ပတ်သက်၍လည်း လေ့လာတင်ပြထားပါသည်။
ဖက်ဒရယ်စနစ်သည် မြန်မာနိုင်ငံရေး၏ အရင်းခံပြသနာများဖြစ်သော နိုင်ငံရေးပြဿနာများကို ဖြေရှင်း ပေးနိုင်သည့် အဖြေတစ်ခုဖြစ်နိုင်သည်ဟူသည့် အခြေခံယူဆချက်ဖြင့် ဤသုတေသနစာတမ်းတွင် ဖက်ဒရယ်စနစ် ဆိုင်ရာ အကြောင်းအရာ တစ်ခုဖြစ်သော နိုင်ငံခြားရေးရာ ဖက်ဒရယ်စနစ်ကို လေ့လာတင်ပြထားသည်။ နိုင်ငံခြား တိုင်းပြည်များနှင့် နယ်စပ်ချင်းထိစပ်နေသည့် ဗမာမဟုတ်သော တိုင်းရင်းသားပြည်နယ်များ၏ နယ်စပ်ကုန်သွယ်မှု ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် အကျိုးခံစားပိုင်ခွင့်ကို သိရှိရန် အစပြုစဥ်းစာခဲ့ရာမှ ရေးသားပြုစီးပြီးသော စာတမ်းအချို့ကို လေ့လာသုံးသပ်ပြီးသောအခါ လွမ်းခြုံမှုပိုရှိသည့် နိုင်ငံခြားရေးရာဖက်ဒရယ်စနစ်ကိုလည်းကောင်း၊ နိုင်ငံခြားရေးရာ တစ်ခုဖြစ်သည့် နိုင်ငံတကာကုန်သွယ်မှုတွင် ပြည်နယ်များ၏ အခန်းကဏ္ဍများကိုလည်းကောင်း လေ့လာတင်ပြရန် ပြောင်းလဲဦးတည်ရေးသားပြုထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးပြီးနောက်ပိုင်း နှစ်ပေါင်း (၇၀) ကျော်ကြာ တပြည်ထောင်စနစ်အောက်တွင် ပြည်နယ်များသည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ဆုံးရှုံးခဲ့ရသဖြင့် လာမည့် အနာဂတ်ပြည်ထောင်စုတွင် ပြည်ထောင်စုယူနစ်များ သို့မဟုတ် ပြည်နယ်များ၏ အခန်း ကဏ္ဍများတိုးချဲ့အပ်နှင်းနိုင်မှသာလျှင် ပြည်နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ အာမခံ ချက်ပိုရှိနိုင်သည် ယူဆချက်ဖြင့် ဖက်ဒရယ်နိုင်ငံအချို့၏ နိုင်ငံခြားရေးရာနှင့် နိုင်ငံတကာကုန်သွယ်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအကြား ခွဲဝေကျင့်သုံးသည့် ပုံစံများကို လေ့လာ တင်ပြထားသည်။
လေ့လာတင်ပြထားသော ဖက်ဒရယ်နိုင်ငံ (၃) မှာ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်သည်။ ယင်းနိုင်ငံများ၏ တူညီသောအချက်မှာ နိုင်ငံခြားရေးရာများတွင် ပြည်နယ်များသည် ပါဝင်ဆောင်ရွက်မှု များ ရှိနေခြင်း၊ ယင်းသို့ ပါဝင်ဆောင်ရွက်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ ပြည်ထောင်စု အစိုးရ နှင့် ပြည်နယ်အစိုးရများအကြား ဆက်ဆံရေးအရလည်းကောင်း အကန့်အသတ်များနှင့် ပြည်ထောင်စုအစိုးရ၏ အားပေးမှုများ သို့မဟုတ် အားပေးမှုမရှိသည့်တိုင် ဟန်တားမှုမပြုသည့်ပုံစံဖြင့် ပါဝင်ဆောင်ရွက်နေကြသည်ကို တွေ့ရနိုင်သည်။ ပြည်နယ် (နှင့် ဒေသန္တရ) အစိုးရတို့သည် နိုင်ငံခြားရေးရာများတွင် ပါဝင်ဆောင်ရွက်မှုသည် “အဆင့်နိမ့်နိုင်ငံရေး” အကြောင်းအရာများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ ယဥ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ယှဥ်ပြိုင်သံတမန်ရေးရာများ တွင်သာမက “အဆင့်မြင့်နိုင်ငံရေး” အကြောင်းအရာများဖြစ်သော ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ယှဥ်ပြိုင်သံတမန်ရေးရာများတွင်လည်း တစ်ခါတစ်ရံတွင် ပါဝင်ဆောင်ရွက်ကြသည်ကို တွေ့ရနိုင် သည်။ သို့သော် နိုင်ငံခြားရေးရာလုပ်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား ခွဲဝေကျင့်သုံးသည့်ပုံစံနှင့် နိုင်ငံတကာကုန်သွယ်ရေးအပါအဝင် နိုင်ငံခြားရေးရာများ၌ ပြည်နယ်များ ပါဝင် ဆောင် ရွက်နိုင်မှုအတိုင်းအတာသည် နိုင်ငံအလိုက်ကွဲပြားမှု အချို့ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံခြားရေးရာ လုပ်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအကြား ခွဲဝေကျင့်သုံးခြင်းအပြင် အစိုးရအဆင့် ဆင့်တို့၏ နိုင်ငံခြားရေးရာများကိုလည် သက်ဆိုင်ရာ အစိုးရ၏ မဏ္ဍိုင်ကြီးသုံးရပ်အကြားအတွင် ပိုင်းခြားကျင့်သုံး ကာ အပြန်အလှန်ထိန်းကျောင်းမှုများ ထားရှိသည်။
ကနေဒါနိုင်ငံတွင် ပြည်ထောင်စုအစိုးရသည် နိုင်ငံတကာကုန်သွယ်ရေးအပါအဝင် နိုင်ငံတကာစာချုပ်များ ကို ချုပ်ဆိုရာတွင် ပြည်နယ်၏ သီးခြားလုပ်ပိုင်ခွင့်အာဏာတွင် ပါဝင်သော အကြောင်းအရာများနှင့် ပတ်သက်၍ တစ်ဘက်သတ်ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ ပြည်နယ်များနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်။ အကြောင်းမှာ ပြည် ထောင်စုအစိုးရသည် နိုင်ငံတကာစာချုပ်များကို ချုပ်ဆိုပိုင်ခွင့် ရှိသော်လည်း ယင်းစာချုပ်ပါ ပြည်နယ်၏ လုပ်ပိုင်ခွင့် အာဏာနှင့်ဆိုင်သော အကြောင်းအရာများကို အကောင်အထည်ဖော်ရန် ပြည်နယ်များကို အတင်းအကြပ်စေခိုင်း ပိုင်ခွင့်မရှိပေ။ အိန္ဒိယနိုင်ငံတွင်လည်း ပြည်နယ်များ၏ နိုင်ငံခြားရေးရာ၌ ပါဝင်ဆောင်ရွက်နိုင်မှုသည် ပါတီနိုင်ငံရေး နှင့် ဆက်စပ်မှုရှိသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ပြည်နယ်တွင် အာဏာရလာသည့် ဒေသတွင်းပါတီသည် ပြည်ထောင်စုအဆင့်တွင် အနိုင်ရသည့်ပါတီနှင့် တူညီနေလျှင်လည်းကောင်း၊ ပြည်ထောင်စုအဆင့် ညွှန့်ပေါင်း အစိုးရ၏ မဟာမိတ်ပါတီဖြစ်လျှင်သော်လည်းကောင်း ပြည်နယ်များ၏ နိုင်ငံခြားရေးရာ၌ ပါဝင်ဆောင်ရွက်များ အပေါ် ပြည်ထောင်စုအစိုးရ၏ အားပေးထောက်ခံမှု ပိုရှိသည်ကို တွေ့ရနိုင်သည်။
ထို့အပြင် သက်ဆိုင်ရာ ဖက်ဒရယ်နိုင်ငံများ၏ ပြည်နယ်အလိုက် နိုင်ငံခြားရေးရာ ပါဝင်ဆောင်ရွက်မှုပုံစံနှင့် ပါဝင်ဆောင်ရွက်နိုင်သည့် အတိုင်းအတာများမှာလည်း မတူညီကြပေ။ အချို့သော ပြည်နယ်များသည် ပညာရေး၊ ကျန်းမာရေး၊ ယဥ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင် ယှဥ်ပြိုင်သံတမန်များကို အဓိကတည်ဆောက်ကြပြီး အချို့သော ပြည်နယ်များသည် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်အချို့တွင် ယှဥ်ပြိုင်သံတမန်များ တည်ဆောက်ကြသည် ကို တွေ့ရသည်။ ပြည်နယ်များ၏ ယှဥ်ပြိုင်သံတမန်များသည် တစ်ခါတစ်ရံတွင် ပြည်ထောင်စုအစိုးရ၏ နိုင်ငံခြား ရေးရာမူဝါဒနှင့် ဆန့်ကျင်မှုမရှိဘဲ ကိုက်ညီမှုရှိသကဲ့သို့ တစ်ခါတစ်ရံတွင် ဆန့်ကျင်ကွဲလွဲမှုများရှိနိုင်သည်။ ထို့ကြောင့် ပြည်နယ်များ၏ နိုင်ငံခြားရေးရာ ပါဝင်ဆောင်ရွက်မှုများသည် ပူးပေါင်းဆောင်ရွက်မှု အသွင်သဏ္ဍန် ဆောင်သော ပုံစံများ ရှိသကဲ့သို့ ပူးဆောင်ဆောင်ရွက်မှုအသွင်သဏ္ဍန်မဆောင်သော ပုံစံများလည်း ရှိသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့အပြင် လေ့လာတင်ပြထားသော ဖက်ဒရယ်နိုင်ငံများ၏ အဖွဲ့ဝင်ပြည်နယ်များသည် ၎င်းတို့ပြည်နယ်၏ အကျိုးစီးပွားများအတွက် နိုင်ငံခြားရေးရာ၌ လူ့စွမ်းအားအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှုအနေ အထားများလည်း မတူညီကြပေ။ အချို့ပြည်နယ်များသည် နိုင်ငံခြားရေးရာကိုင်တွယ်သည့် ဝန်ကြီးဌာနနှင့် ကော်မတီများ ထားရှိသည့်အပြင် ပြည်ပနိုင်ငံများတွင်လည်း ရုံးခန်းများ ဖွင့်လှစ်ထားရှိကြသော်လည်း အချို့သော ပြည်နယ်များသည် နိုင်ငံခြားခရီးစဥ်အချို့တွင် ရံဖန်ရံခါလိုက်ပါဆောင်ရွက်သည့်ပုံစံဖြင့်သာ ပါဝင်ကြသည်။
နိုင်ငံခြားရေးရာ လုပ်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအကြား ခွဲဝေအပ်နှင်း မှုများမှာ ယခင်ထက် ရှိလာသော်လည်း ယေဘုယျအားဖြင့် နိုင်ငံခြားရေးရာလုပ်ပိုင်ခွင့်အာဏာအများစုကို ပြည်ထောင်စုအစိုးရကသာ ကျင့်သုံးလျက်ရှိနေသည်။ သို့သော် ကမ္ဘာလွမ်းခြုံဖြစ်တည်မှုများလာသည်နှင့်အမျှ နိုင်ငံခြားရေးရာနှင့် ပြည်တွင်းရေးရာများကို ခွဲခြားသတ်မှတ်ရန်ခက်ခဲလာခြင်း၊ ကမ္ဘာလွမ်းခြုံဖြစ်တည်မှုနှင့်အတူ ပေါ်ပေါက်လာသော အချို့သော ပြဿနာ သို့မဟုတ် စိန်ခေါ်မှုများကို ပြည်ထောင်စုအစိုးရတစ်ရပ်တည်းဖြင့်သာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ခက်ခဲလာခြင်းတို့ကြောင့် ပြည်ထောင်စုအစိုးရသည် ပြည်နယ်များ၏ အခန်းကဏ္ဍကို တဖြည်းဖြည်းအသိအမှတ်အပြုလက်ခံလာကြသည်။ ထို့ကြောင့် နိုင်ငံတကာကုန်သွယ်မှုအပါအဝင် နိုင်ငံတကာစာချုပ်များကို ချုပ်ဆိုရာတွင် ပြည်နယ်၏ လုပ်ပိုင်ခွင့်အာဏာနှင့်ဆိုင်သော အကြောင်းအရာများ ပါဝင်လာပါက ပြည်နယ်များနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်လာကြသည်။ ပြည်နယ်များကလည်း ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ရန်အတွက် ပြည်ထောင်စုအစိုးရကိုသာ မှီခိုအားထား၌ မရသည်ကို သိရှိလာသောကြောင့်လည်းကောင်း၊ နိုင်ငံခြားရေးရာအချို့သည် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာများကို ကျူးကျော်လာ သော ကြောင့်လည်းကောင်း နိုင်ငံခြားရေးရာရာများ၌ ပါဝင်ရန် စိတ်အားထက်သန်လာကြသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံတော်ကို စီမံအုပ်ချုပ်လာခဲ့သော အစိုးရအဆက်ဆက် တို့သည် ဗဟိုချုပ်ကိုင်မှုများသည့် တပြည်ထောင်စနစ်ကို ကျင့်သုံးလာခဲ့သဖြင့် နိုင်ငံခြားရေးရာများသည် ပြည် ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာအဖြစ် ပြည်ထောင်စုအစိုးရကသာ လက်ဝါးကြီးအုပ် ကျင့်သုံးလာခဲ့ သည်။ သို့သော် ပြည်ထောင်စုအစိုးရ၏ နိုင်ငံခြားရေးမူဝါဒသည် ကြားနေရေးနှင့် သီးခြားရပ်တည်ရေးမူဝါဒများကို ကျင့်သုံး ခဲ့သည့် စစ်အစိုးရလက်ထက်တွင် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အိမ်နီးချင်းနိုင်ငံအချို့မှ လွဲ၍ နိုင်ငံခြားတိုင်းပြည်များ၏ နိုင်ငံရေးနှင့် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုနှင့် ဖယ်ကျဥ်မှုတို့ကို ခံခဲ့ရသည်။ စစ် အစိုးရကိုယ်၌ကလည်း နိုင်ငံခြားတိုင်းပြည်နယ်များနှင့် ချိတ်ဆက်ပါဝင်မှုနည်းပါးခဲ့သည်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း တက်လာသည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက်တွင် ပြည်တွင်းပြုပြင်ပြောင်းလဲမှုအချို့နှင့်အတူ ဘက်မလိုက် ဘဲ တက်ကြွသော နိုင်ငံခြားရေးမူဝါကို ကျင့်သုံးလာသဖြင့် အရပ်သားတစ်ပိုင်းအစိုးရအစိုးရ သက်တမ်း နှစ်ခု အတွင်း ပြည်ထောင်စုအဆင့်တွင် နိုင်ငံခြားတိုင်းပြည်များနှင့် ထိတွေ့ဆက်ဆံမှုများ တဖြည်းဖြည်းများပြား လာခဲ့ သော်လည်း ပြည်နယ်များ၏ နိုင်ငံခြားရေးရာ၌ ပါဝင်ဆောင်ရွက်ခွင့်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက် များအရ လည်းကောင်း၊ ပြည်ထောင်စုအစိုးရ၏ အားပေးခွင့်ပြုမှုမရှိသောကြောင့်လည်းကောင်း မရှိသလောက် နည်းပါးခဲ့သည်။
ထို့ကြောင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် နိုင်ငံခြားရေးရာများအပါအဝင် ပြည်ပရေးရာ အချို့တွင်လည်း အရေးပါသော အခန်းကဏ္ဍများ ရရှိထားရန် အရေးကြီးသည်။ သို့မှသာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ပြည်နယ်အားကောင်းသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ထိုအတွက် ပြည်နယ်များဘက်မှ လိုအပ်သော ကြိုတင်စဥ်းစားဆွေးနွေးမှုများနှင့် ပြင်ဆင်မှုများကို ပြုလုပ်ရာတွင် အထောက်အကူပြုရန်အလိုငှာ နိုင်ငံခြားရေးရာ၌ ပြည်နယ်များ ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍအချို့ကို အကြံပြု ထားပါသည်။
ထို့အပြင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ တို့သည် ၎င်းတို့၏ နိုင်ငံခြားရေးရာ လုပ်ပိုင်ခွင့်အာဏာများကို ကျင့်သုံးရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် ကျား-မရေးရာတန်းတူရေးကိစ္စတို့ကိုလည်း အလေးထားထည့်သွင်းစဥ်းစားပြီး အကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြင့် အမျိုးသားများသာကြီးစိုးလေ့ရှိသည့် နိုင်ငံခြားရေးရာကဏ္ဍတွင် အမျိုးသမီးများ၏ ပါဝင်လာမှုကို အားပေး မြှင့်တင်သွားရန် အရေးကြီးပါသည်။ သို့မှသာ နိုင်ငံတော်၏ နိုင်ငံခြားရေးရာမူဝါဒများနှင့် ပြည်နယ်များ၏ နိုင်ငံခြား ရေးရာ ဆောင်ရွက်ချက်များတွင် အမျိုးသမီးများလည်း အမျိုးသားများနည်းတူလည်းကောင်း၊ အချို့သော ကိစ္စရပ် များတွင် အမျိုးသာများထက် သာလွန်၍လည်းကောင်း ပါဝင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
Please download a softcopy of the book on this link